Saturday 2 July 2011

သစ္စာခံ


ညဉ့်အမှောင် ရုပ်လုံးအကြွမှာ
တံခါးခေါက်သံ ခပ်ဆဆကို ကြားတယ်။

တံခါးအဖွင့်ပါ...
ပြေးဝင်ထွေးပိုက်လို့ တိုးလျလျ ငို။
ကြိုတင် ပြောလှည့်ပါတော့လား
မထင်မှတ်ထားတော့လေ။

ဦးပေါင်းထုပ်ကို ဖြည်ချ
လဲပြိုကျနေတဲ့ ဆံနွယ်တွေ။

အို...
ခွဲခွာခြင်းဟာ
အမြဲလို ဦးဆွေးဆံမြည့်။ ။

အိပ်မက်ရှင်
733 am
3 July 2011

Photo credit to www.unseenlondon.blogspot.com

Saturday 25 June 2011

စကား


နှလုံးသားထဲက လာတဲ့အရာ
လည်တိုင်မှာ တုန်ခါလို့
နှုတ်ဖျားက ခွန်းဆင့် လွှတ်ပို့တယ်။

ဖြတ်သန်း...
သူ ဖြတ်သန်းလို့။

ဖြတ်သန်း...
သူ ဖြတ်သန်းလို့
တုန်ခါမှု လှိုင်းတွေအဖြစ်။

အဲဒီ့ "နား"
အတွင်းသား
ပါးပါးလေးမှာ လာရိုက်ခတ်
နှလုံးသားတွင်း အထိ
သက်ရောက်ဆက်သွယ်။ ။

အိပ်မက်ရှင်
701 pm
25/6/2011
image credit to www.t0.gstatic.com

Sunday 5 June 2011

ဆပ်ပြာပူဖောင်း


ကျုပ်က
ရည်မှန်းချက် ကြီးတဲ့ကောင်။

ကျုပ် ငယ်ငယ်က
စစ်ဗိုလ် လုပ်မယ်၊ ဆရာဝန်လုပ်မယ်၊
အင်ဂျင်နီယာ လုပ်မယ်၊ ပါမောက္ခ လုပ်မယ်၊
ဝန်ကြီးချုပ် လုပ်မယ်၊ သမ္မတ လုပ်မယ်။

ကျုပ် ငယ်ငယ်က
စကြဝတေးမင်းအထိ စိတ်ကူးယဉ်တယ်။

အခုတော့။

ညီလေး
ကျုပ်ကို “ရွှေပြည်စိုး” တစ်ပွဲပေးကွာ။ ။

အိပ်မက်ရှင်
255 am
2/6/2011

အလုံးစုံသော နုညံ့သိမ်မွေ့မှုသည် ထိုနှလုံးသား၌ တည်၏

 
ဝါဆိုင်ဂွမ်းလေး၏ ပေါ့ပါးမှုတွင်
သူ့ ဝိညာဉ် ရှိနေပါစေ…
ဝင်သက်နှင့် ထွက်သက်အကြားက ကွာဟမှုကို
ထုပ်ပိုး သဲ့ယူလှည့်ပါတော့
မာနများကို မင်နီတား ထားသူသာ သေဆုံးသင့်ပါ၏။

အကြိမ်ကြိမ်၊ အဖန်ဖန်ရွာသွန်းခြင်းသည်ပင်
အဆက်မပြတ် စီးဆင်းခြင်း၏ တရားခံ ဖြစ်သည်…
သို့တည်းမဟုတ်…
"အဖြေမရှိခြင်း" ကျားသေကို မန္တန်စုတ်ကာ ငါ အသက်သွင်းခဲ့သည်။

ကြယ်ကြွေပါ၏။

သင့်ဆုတောင်း၌
မျှော်လင့်ရာကမ်းပါးတွင် တိုက်စားသယ်ဆောင်ခြင်းခံရသူ သစ်ပင်သည်
ငါသာလျှင် ဖြစ်ပါစေတော့။ ။


အိပ်မက်ရှင်
3:20 am
17/4/2011

ရင်ထဲက ကဗျာဆရာ


ဆိုကြပါစို့
မြောက်အရပ်သာ ကဗျာဖြစ်ခဲ့ရင်
သူဟာ သံလိုက်အိမ်မြှောင်။

ဆိုကြပါစို့
ပင်လယ်သာ ကဗျာဖြစ်ခဲ့ရင်
သူဟာ အနားသတ် ကမ်းစပ်။

ဆိုကြပါစို့
ပန်းပွင့်တွေသာ ကဗျာဖြစ်ခဲ့ရင်
သူဟာ ဥယျာဉ် မှူး။

ဆိုကြပါစို့
သစ်ပင်တွေသာ ကဗျာဖြစ်ခဲ့ရင်
သူဟာ ရေသောက်မြစ်။

ဆိုကြပါစို့
နှလုံးသားသာ ကဗျာဖြစ်ခဲ့ရင်
သူဟာ နှလုံးသွေး။

ဆိုကြပါစို့လေ
အရာရာဟာ ကဗျာဖြစ်ခဲ့ရင်
သူဟာ…
ဒီရင်ထဲက ကဗျာဆရာပါပဲ။ ။

အိပ်မက်ရှင်
11:49
12/5/2011