Saturday 25 June 2011

စကား


နှလုံးသားထဲက လာတဲ့အရာ
လည်တိုင်မှာ တုန်ခါလို့
နှုတ်ဖျားက ခွန်းဆင့် လွှတ်ပို့တယ်။

ဖြတ်သန်း...
သူ ဖြတ်သန်းလို့။

ဖြတ်သန်း...
သူ ဖြတ်သန်းလို့
တုန်ခါမှု လှိုင်းတွေအဖြစ်။

အဲဒီ့ "နား"
အတွင်းသား
ပါးပါးလေးမှာ လာရိုက်ခတ်
နှလုံးသားတွင်း အထိ
သက်ရောက်ဆက်သွယ်။ ။

အိပ်မက်ရှင်
701 pm
25/6/2011
image credit to www.t0.gstatic.com

Sunday 5 June 2011

ဆပ်ပြာပူဖောင်း


ကျုပ်က
ရည်မှန်းချက် ကြီးတဲ့ကောင်။

ကျုပ် ငယ်ငယ်က
စစ်ဗိုလ် လုပ်မယ်၊ ဆရာဝန်လုပ်မယ်၊
အင်ဂျင်နီယာ လုပ်မယ်၊ ပါမောက္ခ လုပ်မယ်၊
ဝန်ကြီးချုပ် လုပ်မယ်၊ သမ္မတ လုပ်မယ်။

ကျုပ် ငယ်ငယ်က
စကြဝတေးမင်းအထိ စိတ်ကူးယဉ်တယ်။

အခုတော့။

ညီလေး
ကျုပ်ကို “ရွှေပြည်စိုး” တစ်ပွဲပေးကွာ။ ။

အိပ်မက်ရှင်
255 am
2/6/2011

အလုံးစုံသော နုညံ့သိမ်မွေ့မှုသည် ထိုနှလုံးသား၌ တည်၏

 
ဝါဆိုင်ဂွမ်းလေး၏ ပေါ့ပါးမှုတွင်
သူ့ ဝိညာဉ် ရှိနေပါစေ…
ဝင်သက်နှင့် ထွက်သက်အကြားက ကွာဟမှုကို
ထုပ်ပိုး သဲ့ယူလှည့်ပါတော့
မာနများကို မင်နီတား ထားသူသာ သေဆုံးသင့်ပါ၏။

အကြိမ်ကြိမ်၊ အဖန်ဖန်ရွာသွန်းခြင်းသည်ပင်
အဆက်မပြတ် စီးဆင်းခြင်း၏ တရားခံ ဖြစ်သည်…
သို့တည်းမဟုတ်…
"အဖြေမရှိခြင်း" ကျားသေကို မန္တန်စုတ်ကာ ငါ အသက်သွင်းခဲ့သည်။

ကြယ်ကြွေပါ၏။

သင့်ဆုတောင်း၌
မျှော်လင့်ရာကမ်းပါးတွင် တိုက်စားသယ်ဆောင်ခြင်းခံရသူ သစ်ပင်သည်
ငါသာလျှင် ဖြစ်ပါစေတော့။ ။


အိပ်မက်ရှင်
3:20 am
17/4/2011

ရင်ထဲက ကဗျာဆရာ


ဆိုကြပါစို့
မြောက်အရပ်သာ ကဗျာဖြစ်ခဲ့ရင်
သူဟာ သံလိုက်အိမ်မြှောင်။

ဆိုကြပါစို့
ပင်လယ်သာ ကဗျာဖြစ်ခဲ့ရင်
သူဟာ အနားသတ် ကမ်းစပ်။

ဆိုကြပါစို့
ပန်းပွင့်တွေသာ ကဗျာဖြစ်ခဲ့ရင်
သူဟာ ဥယျာဉ် မှူး။

ဆိုကြပါစို့
သစ်ပင်တွေသာ ကဗျာဖြစ်ခဲ့ရင်
သူဟာ ရေသောက်မြစ်။

ဆိုကြပါစို့
နှလုံးသားသာ ကဗျာဖြစ်ခဲ့ရင်
သူဟာ နှလုံးသွေး။

ဆိုကြပါစို့လေ
အရာရာဟာ ကဗျာဖြစ်ခဲ့ရင်
သူဟာ…
ဒီရင်ထဲက ကဗျာဆရာပါပဲ။ ။

အိပ်မက်ရှင်
11:49
12/5/2011

ဆန့်ကျင်ဖက် အနှစ်သာရ



အဖြူနဲ့ အမည်း
အထဲနဲ့ အပြင်။

အမှန်နဲ့ အမှား
အပါးနဲ့ အထူ။

အပူနဲ့ အအေး
အပေးနဲ့ အယူ။

ငအူနဲ့ ငသွက်
ငထက်နဲ့ ငတုံး။

အမုန်းနဲ့ အချစ်
အသစ်နဲ့ အဟောင်း။

အကောင်းနဲ့ အဆိုး
အရိုးနဲ့ အဆန်း။

အကန်းနဲ့ အမြင်
အထင်နဲ့ အဟုတ်။

အရှုပ်နဲ့ အရှင်း
အလင်းနဲ့ အမှောင်။

အထောင်နဲ့ အလဲ
အခဲနဲ့ အရည်။

အစွေနဲ့ အတည့်
အမှည့်နဲ့ အစိမ်း။

အသိမ်းနဲ့ အဖြည်
အပြေနဲ့ အစု။

အခုနဲ့ နောက်
အကြောက်နဲ့ အရဲ။

အစဲနဲ့ အသည်း
အရွှဲနဲ့ အခြောက်။

အသောက်နဲ့ အစား
ကဲဟေ့...
ခေတ်ဟောင်းနဲ့ ခေတ်သစ်ကြားမှာ
မတရားလည်း တရား
တရားလည်း တရား။ ။


အိပ်မက်ရှင်
1153 pm
19/5/2011

စိတ်တေလေ



ဟောဟိုက…
ကြိုးပြတ်သွားတဲ့ စွန်ငယ်မှာ
ငါ့ စိတ်တွေ ပါသွားတယ်။

အထပ်ထပ်…
လျှော်ဖွတ်ဖန်များလို့
စိတ်အသားဟာ တဖြည်းဖြည်း ပါးလျ။

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
ဒီအင်္ကျီသုံးထပ်နဲ့
ရာသီတိုင်း ကျဉ်းကျပ်နေခဲ့။

မလူးသာ မလွန့်သာ။

မထူးဇာတ်ခင်း
ဥပါဒါန် ဥခွံကျဉ်းထဲ
ဒီသက်ပြင်းတွေပဲ “သာ” နေတော့။ ။

အိပ်မက်ရှင်
2311 pm
22/5/2011

အတ္တအခန်းငယ်



အဲဒီ့ သမုဒယအခန်းထောင့်မှာ
ခွက်ထိုးခွက်လန် သိမ်မွေ့ခြင်းတွေနဲ့
ငါ ထိုင်တယ်။

လောကနိယာမတွေရဲ့
ဖုံးခေါ်သံက
ငါ့ နားထဲ ဆူညံပွက်ထ။

ထိုင်နေ...
ဆက် ထိုင်နေ...
အထီးကျန် အိပ်မက်ဆိုးတွေ
လာပွေ့မထူခင် အထိ။ ။

အိပ်မက်ရှင်
1226 am
27/5/2011

စကားပြောခန်း



ကြယ်တွေက
စကားပြောရင် တိုးတိုးညင်သာ။

ညကတော့
အလင်းရောင်ကို တွန်းထိုးရလို့
မောပန်းလွန်းပြီ။

ကြယ်တွေ အိပ်မောကျရင်
ငါ့ကို...
နှိုးပါခလှဲ့။ ။

အိပ်မက်ရှင်
750 pm
28/5/2011